Saturday 10 April 2010

8-သွေးရူးသွေးတန်းနေ့များ

ဝိုင်တခွက်ပေါ်မှာ
အိပ်စက်သွားတဲ့ အိပ်မက်များ……..
တလှည့် နိုင်နိုးနိုးနဲ့
ဒိုင်စားသွားတဲ့ ကုသိုလ်ကံတရားများ……
အမှန်တရားကို မြတ်နိုးသော်လည်း
အစွယ်ကျိုးနေသော
ခေါက်ရိုးကျိုးစိတ်များကြောင့်
မျက်စိမှိတ်နေခဲ့ရမှုများ…….
အိမ်ယာမဲ့ အလွမ်းတွေနဲ့
စခန်းသိမ်း တောင်ကုန်းပေါ်က
အလံဖြူ လွှင့်ထူခဲ့ရမှုများ……..
မကျေနပ်ချက်ပေါင်းထောင်သောင်းရဲ့
ငွေမက်လို့ ဆိုတဲ့
လက်ညိုးငေါက်ငေါက်ထိုး
စွပ်စွဲခံခဲ့ရမှုများ…….
ဂုဏ်သိက္ခာနဲ့
လိပ်ပြာတွေလှဖို့ထက်
စိတ်မပါတာတွေလုပ်ပြီး ဝမ်းစာရှာခဲ့ရမှုများ………
မိုးခေါင်ရေရှား မေတ္တာတရားများနှင့်
ကံကြမ္မာရဲ့ ဓားချက်များအောက်
လည်စဉ်းခံခဲ့ရသော
ဒိုင်ယာရီဟောင်းရဲ့ စာမျက်နာများ…….
အတောင်တွေ ပေါက်ရင်တော့
အိမ်အရောက် ပျံမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုများ….
ဒါတွေအားလုံးဟာ
ကျွန်တော့ ဘဝလမ်းထဲက
ကယောင်ကတမ်းဖြစ်ရတဲ့
သွေးရူးသွေးတန်းနေ့များပါ……..။

No comments:

Post a Comment