Saturday 10 April 2010

2-အဖြစ်မရှိတဲ့ ကောင်

တိမ်တွေစီးမျောတဲ့
တောကြီးမျက်မည်းထဲ
မေတ္တာစွန်ငယ်လေး ကြိုးပြတ်သွားတော့
အသည်းအသန် လိုက်စမ်းရင်း
အလွမ်းတွေကို ဖမ်းမိခဲ့တယ်…။
မျှော်လင့်ချက်တွေ တလှေကြီးနဲ့
ပင်လယ်ထဲ ခရီးထွက်သွားတော့
ဟိုး….. မိုးကုတ်စက်ဝိုင်းနားမှာ
လှိုင်းတွေကြီးလို့ လေတွေထန်
ကောင်းကင်ယံက ဒုက္ခတွေပြိုကျ
စဥ်းလဲကောက်ကျစ်တဲ့ညဟာ
ဘဝနာ စေမဲ့ ဇာတ်လမ်းတွေ ရေးခဲ့တယ်…။
ဘဝရဲ့ သစ်ငုတ်အိုကြီးပေါ်မှာ
တခါက နားခဲ့ဖူးသော ရွှေဟင်္သာလေးကိုသတိရ
အချိန်တွေရွေ့လျား တောကစားမှုလက်ချက်နဲ့
ရင်ခုန်သံတွေ မျိုးဆက်ပျက်ခဲ့
ခံတွင်းပျက် ကံကြမ္မာကြီးက
ဟီးဟား တိုက် ရယ်မောခဲ့……။
နောက်ဆုံးတော့……
အဖြစ်မရှိတဲ့ ဒီကောင်ဟာ
အပြစ်မရှိတဲ့ အချစ်တွေပိုက်ထွေးရင်း
နောင်တတွေကို သယ်ယူရောင်းချ
အဖိုးအခ သင်ခန်းစာ အမြတ်အစွန်းတွေနဲ့
အရှုံးတွေသာ ကြွယ်ဝ ချမ်းသာလာခဲ့တယ်………။

No comments:

Post a Comment